မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း အခမ်းအနားသို့ ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့်လူပုဂ္ဂိုလ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ

ရန်ကုန် ဇူလိုင် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်းအခမ်းအနား၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဥယျာဉ်တော်သာသနိက အဆောက်အဦများလှူဒါန်းခြင်း ရေစက်ချမဟာမင်္ဂလာအခမ်းအနားများသို့ တက်ရောက်ရန်အတွက် ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများအား အဘိဓဇမဟာရဋ္ဌဂုရုရွှေကျင် သာသနာပိုင်သီတဂူအဓိပတိဆရာတော်ဘုရားကြီး ဒေါက်တာရှင်ဥာဏိဿရနှင့်တာဝန်ရှိသူများ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)