ဆီဆိုင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆီဆိုင် ဇူလိုင် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ဇူလိုင် ၂၉ ရက်နေ့ က လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီလုံးဆူကျေးရွာ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်နှင့် ဝန်ထမ်းများက ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့များနှင့် အတူ ထီလုံးဆူကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး၊ သတ်မှတ်အတိုင်းအတာ ပြည့်မီရေးတို့ကို အလေးထား ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။

ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျစေရန် ရည်ရွယ်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီလုံးဆူ ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အတိုးရငွေပေါင်းကျပ် (၅၁.၁၂၆၆) သန်းအနက် အတိုးရငွေမှ ငွေကျပ်(၂၀.၀၀)သန်း အသုံးပြု၍ လမ်းအရှည်(၁၆၅၀)ပေ၊ အကျယ်(၈)ပေ၊ အမြင့်(၆)လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခြင်းလုပ်ငန်းကို ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာကူညီပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုကိစ္စရပ်များအတွက် သွားလာမှု လွယ်ကူစေမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။         

မျိုးမြတ်(ဆီဆိုင်)