တာချီလိတ် ဇူလိုင် ၃၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အမျိုးသမီးများနှင့်သက်ဆိုင်သည့် ကျန်းမာရေးနှင့်လူမှုရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာချီလိတ်မြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်ယဥ်ထွေးမှ အခမ်းအနား ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးခဲ့ပြီး၊ အဆိုပါ သင်တန်းကျောင်းရှိ သင်တန်းသူအမျိုးသမီးငယ်များအား တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှိုင်လှိုင်မြင့်မှ အမျိုးသမီးများနှင့်ယဥ်ကျေးမှုဆိုင်ရာအပြုအမူများနှင့် ကျင့်ဝတ်များကိုလည်း ကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ရီရီခိုင်မှ အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် သက်ငယ်မုဒိန်းမှုဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်နန်းခမ်းလှက ကျန်းမာရေးဆိုင်ရာ သားအိမ်ခေါင်းကင်ဆာရောဂါ အကြောင်းကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍအသီးသီးမှ အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
အေးအေးလတ်