သီပေါ ဇူလိုင် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၁၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သီလရှင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချအခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၂ နာရီက မြို့လယ်ဓမ္မာရုံ မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် သံပြိုင်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယအဖွဲ့ ဆရာတော်ကြီးများအား ဧည့်ပရိသတ်အပေါင်းတို့မှ ဩကာသကန်တော့ချိုးဖြင့် ညီညာဖြဖြ ရှိခိုးကန်တော့ကြကာ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများက ပရိတ်တရားတော်များ ချီးမြှင့်ပေးခဲ့ကြကာ ဧည့်ပရိသတ်များမှ သြဝါဒကထာနာယူခဲ့ကြပြီးနောက် မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ဝင် ဦးခင်မောင်ဝင်းက (၁၄)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ သီလရှင်ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အတွက်မြို့နယ်အတွင်း အလှူရှင်များထံမှ လှူဒါန်းရရှိမှုအခြေအနေနှင့် သီလရှင်များအားလှူဒါန်းမှုအခြေအနေ စသည့်ကိစ္စရပ်များအား လျှောက်ထားခဲ့သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများကို ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း၊ မြို့နယ်အတွင်းရှိ သီလရှင်ကျောင်း(၂၀)ကျောင်းမှ သီလရှင်အပါးပေါင်း(၅၆၈)ပါးတို့အား ဆန်၊ ဆီ၊ ဆေး၊ ဆားနှင့် ဝတ္ထုငွေများ ကိုစေတနာရှင်အလှူရှင်များက ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း၊ လှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ ငွေကျပ်သိန်း(၁၃၀)ကျော်ခန့် လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြကြောင်း မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့မှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)