ကွတ်ခိုင် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့အတွင်း နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ ဝင်/ထွက်သွားလာသော ပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက ပြည်သူများ နှာခေါင်းစည်း စနစ်တကျတပ်ဆင်စေရေးအတွက် ယမန်နေ့နံနက်ပိုင်း က မြို့မစည်ပင်သာယာဈေးရှေ့ (လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်)၌ ကြပ်မတ်ဆောင်ရွက်သည်။
ထိုသို့ကြပ်မတ်ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်တာဝန်ရှိသူများ၊ စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများအားနှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာစေရန် အသိပညာပေးကာ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ သွားလာသောပြည်သူများအား စစ်ဆေးကာ ဒဏ်ငွေ (၂၀၀)ကျပ် ပေးဆောင်စေပြီး နှာခေါင်းစည်း (၁)ခု ပြန်လည်ပေးအပ်၍ တပ်ဆင်သွားလာစေသည်။
လက်ရှိ ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ နေအိမ်ပြင်ပ ထွက်ခွာတဲ့အခါတိုင်း နှာခေါင်းစည်းတပ်ဆင်ဖို့လိုတယ်၊ မတပ်ဆင်တဲ့ သူတွေကိုဒဏ်ရိုက်တဲ့အနေနဲ့ နှာခေါင်းစည်း တစ်ခုကို ၂၀၀ ကျပ်နဲ့ တပ်ဆင်စေတယ်၊ ရှေ့လျှောက်အခါအားလျော်စွာ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားပါမယ်ဟု မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ကွတ်ခိုင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ မြို့အဝင်/ထွက်နေရာတို့၌ ဝင်/ထွက်သွားလာသည့် အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)