ဝိုင်းမော် ဇူလိုင် ၃၀
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာရှိ တိုင်းလေစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခတ်ချို ကျေးရွာ အထက်ပိုင်းရှိ တိုင်းလေးစာပေနှင့် ယဉ်ကျေးမှုကော်မတီရုံး တည်ဆောက် ဆဲခန်းမတွင် ကျင်းပပြုလုပ်ရာ ဝိုင်းမော်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ဆရာတော်ကြီး(၁၀)ပါး ကြွရောက်တော်မူကာ ဦးအေးကြင် ကပြည်နယ် တိုင်းလေစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက ဦးဆန်းပွန်၊ ပြည်နယ်တိုင်းလေစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးအေးကြင်၊ ဝိုင်းမော်မြို့နယ် တိုင်းလေ စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးခေါင်ဇယ်နှင့် ကော်မတီ ဝင်များ၊ ခတ်ချို ကျေးရွာနေ တိုင်းလေမျိုးနွယ်စုမှ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကြွရောက်တော်မူလာသည့် ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး တက်ရောက်လာသူများက ဘုရားအမှူး ပြု၍ ကြွရောက်လာသည့် ဆရာတော်ကြီးများအား ဩကာသ ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကာ ခတ်ချိုကျေးရွာ ဝေဠုဝန်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဒေဝန္နတထံမှ ငါးပါး သီလတော်မြတ်ကို ခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များအား နာယူကြည်ညိုကာ တာဝန်ရှိသူများနှင့် တက်ရောက် လာသည့် အလှူရှင်ဒါယကာများက ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော် ဘဒ္ဒန္တဒေဝန္နတမှ ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းနှင့် ပတ်သက်သည့် အနုမောဒနာ တရားတော်မြတ်အား ချီးမြှင့်ဟောကြား တော်မူပြီး လှူဒါန်းမှုအစုစအတွက် ရေစက်သွန်းချအမျှပေး ဝေ၍ တာဝန်ရှိသူများက ဆရာတော်ကြီးများအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခဲ့ကာ အခမ်းအနားသို့ အလှူရှင် ပြည်သူများ တက်ရောက်ခဲ့သည်။
ဝိုင်းမော်(ပြန်/ဆက်)