လားရှိုးမြို့၊ သာသနာ့ဟိတကာရီသီလရှင်သင်မူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဝါဆိုသင်္ကန်းဆက်ကပ်

လားရှိုး ဇူလိုင် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သာသနာ့ဟိတကာရီသီလရှင်သင်မူလွန်ကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက သာသနာ့ဟိတကာရီ သီလရှင်စာသင်တိုက်တွင်  ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များ၊ ကျောင်းသား၊ ကျောင်းသူလေးများက ငါးပါးသီလဆောက်တည်ကာ သာသနာ့ဟိတကာရီ သီလရှင်သင်မူလွန်ကျောင်းအတွက် အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)