လားရှိုး ဇူလိုင် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဆုံကွယ်ကျေးရွာအုပ်စု ရေပူစမ်းစိုက်ကွင်းတွင် မှော်ဘီကောက်ညှင်း မွှေးစပါး မျိုးစေ့ထုတ်စံပြစိုက်ကွက်နှင့် စိုက်နည်းစနစ်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လားရှိုးမြို့၊ ရပ်ကွက်(၁၂)မှ တောင်သူများ၊ ဆုံကွယ်၊ ဟူးမွန်ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။ “တောင်သူတွေအတွက် မျိုးစေ့ထုတ်စံပြ စိုက်ကွက်သရုပ်ပြ ဆောင်ရွက်တာပါ။ တောင်သူတွေ ဒီမျိုးစပါးကို စိုက်ပျိုးတဲ့အခါမှာ စိုက်နည်းစနစ် မှန်မှန်ကန်ကန်နဲ့ စိုက်ပျိုးနိုင်ပြီး အထွက်နှုန်းကောင်းမွန်ဖို့ အတွက် စိုက်နည်းစနစ်သရုပ်ပြဆောင်ရွက်တာပါ။ ” ဟု လားရှိုးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစိုင်းတိုးတိုး ကပြောသည်။
လားရှိုးမြို့နယ်တွင် ယခုနှစ်မိုးရာသီစိုက်ပျိုးရာသီအတွင်း မိုးစပါးလျာထားဧက (၃၆၉၂၂) ဧကရှိသည့် အနက် (၁၅၄၉၉) ဧက၊ ယာစပါး (၁၀၃၉၁)ဧက၊ တောင်ယာစပါး(၅၁၀၈)ဧက၊ နှံစားပြောင်း (၁၅)ဧက၊ အစေ့ထုတ်ပြောင်း (၄၂၅၃၈) ဧက၊ ဖူးစားပြောင်း (၁၆၁၄)ဧက၊ မြေပဲ(၁၇၅၇)ဧက၊ နှမ်း(၅၅)ဧက၊ နေကြာ(၉)ဧက၊ သစ်စိမ့်(၁၁)ဧက၊ နာနတ်လျှော်(၁၇၀၀)ဧက၊ ကြက်ပေါင်စေး(၁၉၈၄၈)ဧက၊ ပဲပုတ် (၂၅၇၀)ဧက၊ ပဲစဉ်းငုံ(၁၂) ဧက၊ ငရုတ်(၃၅)ဧက၊ အခြားဟင်းခတ် (၂၆၁)ဧက၊ ချက်ကြံရင့် (၄၄၃)ဧက၊ ချက်ကြံနု(၂၅၇)ဧက၊ လက်ဖက် (၁၀၀၃) ဧက၊ ကော်ဖီ(၁၆၉)ဧက၊ ပိုးစာ(၁၁၂)ဧက၊ ငှက်ပျော (၇၇၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)