လားရှိုး ဇူလိုင် ၃၀
လားရှိုးမြို့တွင် ရွှေကံကုမ္ပဏီလီမိတက်မှ တည်ဆောက်ပြီးစီးခဲ့သော ၁၂၀ ကီလိုဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစနစ် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၈ ရက်နေ့နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့၊ Gold Luck Lashio Water Boom တွင် ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို ရွှေကံ Gold Luck Co,ltd Myanmar ကုမ္ပဏီလီမိတက် မှ တည်ဆောက်ပြီးစီးသော ၁၂၀ ကီလိုဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစနစ်အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌဦးမျိုးကျော်၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြင့်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း ၊ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ဆွေလတ်၊ ရွှေကံ Gold Luck Co,ltd Myanmar ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးရဲနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ၁၂၀ ကီလိုဝပ် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓါတ်အားပေး စနစ်တည်ဆောက်ထားရှိမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက ဖွင့်ပွဲအထိမ်းအမှတ် အမှာစကားပြောကြားရာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစီမိကိန်းများကို အသေးစား၊ အလတ်စားနှင့် အကြီးစားလုပ်ငန်းများအဖြစ် စက်ရုံများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် လျှပ်စစ်ဓါတ်အားမဂ္ဂဝပ် ၁၀၆၀ ထုတ်လုပ်နိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင်စီမံကိန်းများကို တိုးမြှင့်အကောင်အထည်ဖော်ရာတွင် သဘာဝအရင်းအမြစ်မှရရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စနစ်များကို အသေးစားမှ အကြီးစားအထိတိုးတက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စနစ်ဖွင့်လှစ်ခြင်း နှင့်ပတ်သက်၍ ရရှိလာမည့်အကျိုးကျေးဇူးများကို ပြောကြားခဲ့သည်။
ယင်းနောက် ရွှေကံ Gold Luck Co,ltd Myanmar ကုမ္ပဏီလီမိတက်မှ အင်ဂျင်နီယာ ဦးရဲဝင်းအောင် က ၁၂၀ ကီလိုဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစနစ်တည်ဆောက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မန်နေဂျင်းဒါရိုက်တာ ဦးရဲနိုင်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးပြည်သူ့ဆေးရုံနှင့် ဌာနဆိုင်ရာများအတွက် အောက်စီဂျင်စက်အလုံး (၁၀၀) ကိုပေးအပ်လှူဒါန်းရာ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစနစ်သည် ဆိုလာပြား ၃၁၅ ချပ်တပ်ဆင်ထားပြီး တစ်နာရီလျှင် လျှပ်စစ်ဓါတ်အား ၁၂၀ ကီလိုဝပ် ထွက်ရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)