ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသထွက် လက်ဖက်ခြောက်များ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချနေရပြီး ဈေးကောင်းရ

လားရှိုး ဇူလိုင် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်၊ မန်တုံမြို့များနှင့် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့အနီး ပတ်ဝန်းကျင် ကျေးရွာများ၊ မိုင်းငေါ့မြို့အနီးတို့တွင် ထွက်ရှိသော လက်ဖက်ခြောက်များ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ကုန်းကြမ်းဒေသ ဘက်မှ ထွက်ရှိသော လက်ဖက်ခြောက်များနှင့် တာမိုးညဲဒေသထွက် လက်ဖက်ခြောက်များမှာ ဈေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိပြီး အနယ်နယ်အရပ်ရပ်သို့လည်း တင်ပို့ရောင်းချလျက်ရှိနေ ကြောင်း သိရသည်။

“ကျွန်မတို့ဆိုင်မှာတော့ တာမိုးညဲဒေသထွက် လက်ဖက်ကို အဓိကထားရောင်းတယ်။ တာမိုးညဲ ‌ဒေသဘက်က ထွက်တဲ့လက်ဖက်က လက်ဖက်ဖြူ မျိုးပေါ့။” ဟု လက်ဖက်ကုန်သည်တစ်ဦးက ဆိုသည်။ လားရှိုးမြို့တွင် တာမိုးညဲဒေသထွက်လက်ဖက်ခြောက်များမှာ ဈေးကောင်းရ လျက်ရှိပြီး တစ်ပိဿာလျှင် တစ်သောင်းသုံးထောင်ကျပ်မှ သုံးသောင်းကျပ်ထိဈေးရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအများစုရှိ တောင်ပေါ်ဒေသများတွင် လက်ဖက်စိုက်ပျိုးခြင်းကို မိရိုးဖလာ စိုက်ပျိုးရေးအဖြစ် အစဉ်အဆက် လုပ်ကိုင်ခဲ့ကြပြီး လက်ဖက်လုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်း ပြုကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)