သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

တာမွေ ဇူလိုင် ၃၀

“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့်စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသော ယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ် တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်း ခရိုင် (သင်္ဃန်းကျွန်း) နှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း ကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်ပညာ နေခြည်ခန်းမ၌ စည်ကား သိုက်မြိုက်စွာ  ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ‌‌ဒေါ်လှလှနွယ်က ကျပန်းစကားပြောပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သူများက ၎င်းတို့ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သင်တန်းသား/သူများက “စည်းလုံး ကြမယ်” “တောင်ယာဝင်ချိန်” စသည့် တိုင်းရင်းသားရိုးရာ တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ကျပန်းစကားပြော ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်္ကန်းကျွန်းပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က အကဲဖြတ်ဒိုင်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်၍ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းအပေါ်  ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက အခမ်းအနားတွင် ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ် စာစောင် များအား စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)