လားရှိုးမြို့နေသူ ယာဉ်မောင်းတစ်ဦး မူဆယ်မြို့(၁၀၅)မိုင် ကုန်သွယ်ရေးဇုံ၌ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိ

လားရှိုး အောက်တိုဘာ  ၁၄

မူဆယ်မြို့ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်သော (၆)ဘီးကားဆရာတစ်ဦးသည် အောက်တိုဘာ(၁၂)ရက် မွန်းလွဲ(၁)နာရီအချိန် က မူဆယ်မြို့(၁၀၅)မိုင် ကုန်သွယ်ရေးဇုံ၌ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာ စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

ထို့ကြောင့် ယမန်နေ့ညနေ (၄)နာရီ(၁၅)မိနစ်အချိန်ခန့်က အဆိုပါစစ်ဆေးတွေ့ရှိသူ၏ နေအိမ်ဖြစ်သော လားရှိုးမြို့ ရပ်ကွက်(၁၀)၊ နယ်မြေ(၄)ရှိနေအိမ်သို့ လားရှိုးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒုတိယမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာ ဖြိုးသီဟနိုင်နှင့်အဖွဲ့၊ နယ်မြေရဲစခန်း လားရှိုးမှ စခန်းမှူးဒုရဲမှူး မြင့်ကျော်ဦးစီးအဖွဲ့နှင့် အမှတ်(၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့သည် အမှတ်(၁၀)ရပ်ကွက်ရှိ အဆိုပါနေအိမ်အား Home Quarantine သွားရောက်ဆောင်ရွက်ခဲ့ပြီး နေအိမ်၌ ယာဉ်မောင်း၏ဇနီးဖြစ်သူတစ်ဦးသာ နေထိုင်ကြောင်းသိရှိရပြီး ပြင်ပသို့သွားလာခြင်းမပြု ကန့်သတ်ဆောင်ရွက်ထားရှိသည်။

အဆိုပါယာဉ်မောင်းသည် အောက်တိုဘာ(၇)ရက်နေ့က လားရှိုးမြို့နယ် မယ်ဟန်ကုန်တင်ကုန်ချ စစ်ဆေးရေးစခန်း၌ သတင်းပို့ စစ်ဆေးခံခဲ့သောကြောင့် ထိုနေ့တွင် တာဝန်ထမ်းဆောင်ခဲ့သူများ အားလုံးနှင့် ယာဉ်မောင်း၏ဇနီးတို့အား ကျန်းမာရေး စစ်ဆေးမှုဆိုင်ရာ ကိစ္စရပ်များ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးကော်မတီ ထံမှ သိရသည်။

ဟန်ဌေး(လားရှိုး)