မြစ်ကြီးနား ဇူလိုင် ၃၀
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြို့/ရွာများ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရား/စေတီ ပုရဝုဏ်များအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က မြစ်ကြီးနားမြို့ သီတာရပ်ကွက် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအရာထမ်း/အမှုထမ်းများနှင့်အတူ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြပြီး ဝန်ထမ်းများအားမုန့်နှင့်ရေသန့်ဘူးများ ဖြန့်ဝေကျွေးမွေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှမ်းစုတောင်ရပ်ကွက်အတွင်းရှိ ဝန်းသိုကျောင်းတိုက်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ခေမာသီရိရပ်ကွက် ခေမာသီဝံကျောင်းတိုက်ဝင်းအတွင်းနှင့် ရွှေတိဂုံပုံတူဘုရားပုရဝုဏ်တို့တွင်လည်းကောင်း၊ မြို့သစ်ကြီးရပ်ကွက်၊ အောင်စေရန်အောင်ဘုရားဝင်းအတွင်း၌လည်းကောင်း၊ ဧရာရပ်ကွက် အံတော်ရှင်တောင်တန်းသာသနာပြုဘုန်းကျော်ကြီး ကျောင်းဝန်းအတွင်း၌လည်းကောင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူခြင်းတို့ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် အလားတူ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရား/စေတီပုရဝုဏ် စုစုပေါင်း ၁၁ နေရာတို့တွင် သန့်ရှင်းရေးလုပ်ငန်းကို စုပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချူပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြေ ရေးအတွက် မိုးရာသီအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များတွင် စိုက်ပျိုးထားခဲ့သည့် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) ကျောင်းဝင်းအတွင်းရှိသစ်ပင်များ ဖြစ်ထွန်းရှင်သန်နေမှုအခြေအနေများ၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း စိုက်ပျိုးထားသည့် အရိပ်ရနှစ်ရှည်ပင်များနှင့် ဖြစ်ထွန်းရှင်သန်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် တပ်ကုန်းရပ်ကွက်အတွင်းရှိ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွင်းအတွင်း အထွက်တိုးမိုးစပါး ဆင်းဧကရီ-၃ စိုက်ပျိုးနေမှုအခြေအနေများနှင့် စိုက်ပျိုးထားရှိမှုအခြေအနေများ၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး စီမံဆောင်ရွက်ပေးထားမှု အခြေအနေများနှင့် လယ်ကွင်းများအတွင်း ဖြတ်သန်းစီးဆင်းသည့် အင်ဂျန်းခချောင်းရေအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်နှင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ကမ်းပါးထိန်းသိမ်းရေး စိုက်ပျိုးဆောင်ရွက်ထားသည့် ရေမနေပင်များ ရှင်သန်ဖြစ်ထွန်းမှုနှင့် မြေယာရှုခင်းအတွင်း အလှပင်များစိုက်ပျိုးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး လုပ်ကွက်ကျင်းဟောင်း ရေကန်နှင့် စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့သို့ဆွေးနွေးပွဲရာတွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး လုပ်ကွက်ကျင်းဟောင်း ရေကန်နှင့်စပ်လျဉ်း၍ ကျင်းဟောင်းရေကန် ပတ်ဝန်းကျင်တွင် မြေပြိုမှုဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေအပေါ် ပြည်နယ်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့မှု အခြေအနေများ၊ မြို့နယ်နှင့်ကျေးရွာကြီးကြပ်ရေးကော်မတီအဖွဲ့များ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စစ်ဆေးတွေ့ရှရှိချက်များနှင့် လုပ်ကွက်ကျင်းဟောင်း ရေကန်မှရေများအား ဝှေခါချောင်းအတွင်း စီးဆင်းနိုင်ရေး ရေထုတ်မြောင်းဖောက်လုပ်သွားမည့်အစီအစဉ်များ၊ ရေကန်အထက်ပေ (၁၀၀၀)ခန့်တွင် မြေအက်ကွဲကြောင်း ဖြစ်ပေါ်နေမှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဝှေခါကျေးရွာရပ်မိ/ရပ်ဖများနှင့်အတူ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူအတွက် ကျင်းဟောင်းရေကန်ပတ်ဝန်းကျင် မြေပြိုမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး အရေးကြီးဆောင်ရွက်သွားရမည့် လုပ်ငန်းဖြစ်သည့်အပြင် မြေပြင်အခြေအနေအရပ်ရပ်အား လေ့လာသုံးသပ်၍ ဆောင်ရွက်သွားမည့်လုပ်ငန်းများအပေါ် အသေးစိတ်စီမံချက်ရေးဆွဲ၍ စနစ်တကျဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်