ညောင်ဦး ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့လာရောက်လည်ပတ်ရင်း ခရီးစဉ်တစ်ဆက်တည်းသွားရောက်လည်ပတ်နိုင်ရန် ခရီးစဉ် ခုနစ်ခုကို ညောင်ဦးမြို့နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲက ရေးဆွဲထားကြောင်း သိရသည်။
အဆိုပါခရီးစဉ်များတွင် ရပ်ရွာအခြေပြုခရီးစဉ်များနှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ သဘာဝလှအပများ မပျက်စီးစေဘဲ ခံစားကြည့်ရှုတတ်စေရန်နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို မြတ်နိုးတန်ဖိုးထား လေ့လာနိုင်စေရန် ရည်ရွယ်ပြီး ခရီးစဉ်ဒေသများဖော်ထုတ်ကာ ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများ ဝင်ရောက်နိုင်ရေးအတွက်ပါ ရည်ရွယ်ကာ ရှာဖွေဖော်ထုတ်ထားခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်ထံက သိရှိရသည်။
ပုဂံရုံးခွဲမှ စီစဉ်ရေးဆွဲထားသည့် ခရီးစဉ်ခုနစ်မှာ ထူးဆန်းသောကျောက်ရေကန်၊ ဇီးအိုလှကျေးရွာ၊ စက်စက်ယိုကျေးရွာ၊ ပုပ္ပားတောင်မကြီး၊ ကျောက်မျက်မှော်၊ ဂဲမိုးအိုင်ခရီးစဉ်ဒေသသစ်နှင့် သဲပြင်တော(CBT)ခရီးစဉ်ဒေသသစ်တို့ ဖြစ်သည်။
ထူးဆန်းသောကျောက်ရေကန်
ထူးဆန်းသောကျောက်ရေကန်သည် ညောင်ဦးမြို့မှတုရင်တောင်သို့ (၁) မိုင် (၇) ဖာလုံ ကွာဝေးပြေီး တုရင်တောင်ပေါ်ဘုန်းတော်ကြီးကျောင်းရှေ့မှစတင်၍ တောင်တက်ခရီး သုံးဆယ်မိနစ်ခန့်တက်ရောက်ရသည့် တောင်ပေါ်တက်ရောက်ရသည့်ခရီးစဉ်ဖြစ်ပြီး လမ်းခရီးတွင် အညာဒေသတွင် ကျက်စားသည့် ချိုးငှက်၊ ငှက်ခါး၊ ရေသူကြီးငှက်၊ ဘီလုံး ငှက်နှင့်ချိုးလင်းပြာငှက်တို့ကို ကြည့်ရှုခံစားနိုင်သည်။ ကျောက်ရေကန်ကို ကျောက်စိုင်ကြမ်းပြင်၊ ကျောက်စိုင်နံရံတို့ဖြင့် တွေ့ရှိရပြီး အလျား ၈၀ ပေ၊ အနံ ၈၀ ပေ၊ အနက် ၃၀ ပေခန့်ရှိပြီး အလွန်ထူးခြားလှသည့် ရေကန်တစ်ခုဖြစ်ပေသည်။ ထိုကျောက်ရေကန်၏ တောင်ဘက်တွင် မြကန်နှင့်အနောက်တောင်ဘက်တွင် ရှေးဟောင်းမြို့တော်ပုဂံပြည်၏ စေတီပုထိုးများ၊ ဧရာဝတီမြစ်နှင့် တန့်ကြည်တောင်၏ တောင်စဉ်တောင်တန်းများရှိပြီး ပြည်တွင်း/ပြည်ပခရီးသွားများအား ထူးထူးခြားခြားဆွဲဆောင်နိုင်မည့်ခရီးစဉ်တစ်ခု ဖြစ်သည်။
ဇီးအိုလှကျေးရွာ
ခရီးစည် ခုနစ်ခုအနက် တစ်ခုအပါလအဝင်ဖြစ်သည့် ဇီးအိုလှကျေးရွာသည် ညောင်ဦးမြို့မှ ၁၃ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဒေသခံများ၏ ပါးစပ်ရာဇဝင်အရ နတ်ထိန်းထားသည့် အင်ကြင်းတောသည် ၂၅ ဧက(၀.၁၃)စတုရန်းမိုင်ကျယ်ဝန်းပြီး ယခုလက်ရှိတွင် အဆိုပါအင်ကြင်းတောကို သစ်တောဦးစီးဌာနက ထိန်းသိမ်းထားရှိသည်။ ဇီးအိုလှကျေးရွာတွင် နှစ်ပေါင်း ၉၀၀ ခန့်သက်တမ်းရှိ မန်ကျည်းပင်ကိုးခွသည် တစ်မူထူးခြားစွာတည်ရှိပြီး အေဒီ (၁)ရာစုခန့်က သံချက်ဖိုတစ်ခုသည်လည်း ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များအား ဆွဲဆောင်လျက်ရှိသည့် သဘာဝအခြေခံခရီးစဉ်ဒေသတစ်ခုဖြစ်သည်။
စက်စက်ယိုကျေးရွာ
စက်စက်ယိုကျေးရွာသည် ညောင်ဦးမြို့နှင့် မိုင် ၂၀ ကွာဝေးပြီး ဗျတ္တပန်းဆက်လမ်းမှလည်း သွားရောက်နိုင်သည်။ အဆိုပါရွာလေးသည် အလွန်ရှေးကျလှပြီး လူနေမှုပုံစံမှာ တမူထူးခြားစွာ ဆွဲဆောင်လျက်ရှိသည်။ အဆိုပါရွာရှိ အမျိုးသား၊ အမျိုးသမီးများသည် တက္ကသိုလ် ရောက်သည်အထိ သျှောင်ပေစူးနှင့်စံရစ်ဝိုင်းများထားရှိကြပြီး အဓိကအလုပ်အကိုင်မှာ ထန်းတောင်သူများဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းထားရှိသည့် စက်စက်ယိုကျေးရွာ၏ လူနေမှုပုံစံသည် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိသည့် ခရီးစဉ်တစ်ခုဖြစ်သည်။
ပုပ္ပားတောင်မကြီး
ပုပ္ပားတောင်မကြီးသည် ညောင်ဦးမြို့နှင့် မိုင် ၃၀ ခန့်ကွာဝေးပြီး ပုပ္ပားရွာမှတောင်မကြီးသို့ ၃ မိုင် ၆ ဖာလုံရှိသည့် ခြေလျင်တောင်တက်ခရီးစဉ်တစ်ခု ဖြစ်သည်။ ပုပ္ပားတောင်မကြီးသည် အမြဲစိမ်းတောဖြစ်ပြီး မြန်မာနိုင်ငံမှာသာရှိသည့် မျောက်မြီးရှည်ခေါ် ပုပ္ပားမျောက်မြီးရှည်များ ကျက်စားသည်။ ၎င်းအပြင် နွားလပို့တောင်၊ ဆေးမွန်တောင်၊ မှန်ပြတောင်၊ စပါးပုံတောင်များကိုပါ တက်ရောက်နိုင်ပြီး သစ်ခွမျိုးစုံလေ့လာနိုင်မည် ဖြစ်သည်။ ၎င်းအပြင် တောင်ကမ်းပါးယံထက်တွင် ကျောက်ပန်းကျောက်ခက်များ ပေါများစွာပေါက်ရောက်လျက်ရှိပြီး တောင်တက်ခရီးသွားပြည်သူများအား စိတ်သာယာချမ်းမြေ့မှုကို ပေးစွမ်းနိုင်သည့် ခြေလျင်တောင်တက်ခရီးစဉ်ဖြစ်သည်။
ကျောက်မျက်မှော်စေတီ
ကျောက်မျက်မော်စေတီသည် စိုးမင်းကြီးဘုရားအကျော် မြင်းကပါရွာ၏ တောင်ဘက် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည်။ ကျောက်မျက်မော်စေတီတော်သည် နှစ်ထပ်ဘုရားတစ်ဆူဖြစ်ပြီး အတွင်းစေတီမှာ ရှစ်မြှောင့် ပစ္စယံခံထားသော ပျူခေတ်ယဉ်ကျေးမှု လက်ရာများဖြစ်သည်။ ၎င်းကိုဖောင်းရစ်များဖြင့် တန်ဆာဆင်ခြုံငုံတည်ထားပြီး စေတီကိုယ်ထည်ခါးပတ်တန်းရှိ ဘုလုံးပုံဆနွင်းမကင်းပုံများမှာ လောကန္ဒာဘုရားတွင် တန်ဆာဆင်ထားသည့်အတိုင်း မူလအင်္ဂတေပန်းပုံအုတ်ကိုပုံ ဖော်ထားသည်။
ထူးခြားချက်မှာ စေတီ၏အတွင်းစေတီနှင့်အပြင်စေတီကြားမှာ အုတ်အပြည့်မဖြည့်ဘဲ ၃ ပေခန့်အကျယ်ရှိသော ဒေါက်ကြီးများဖြင့် ထောက်စီထားခြင်းဖြစ်သည်။ ကျောက်မျက်မော်စေတီအား အေဒီ ၁၂-၁၃ ရာစုခန့်တွင် တည်ထားခဲ့သည်ဟု ရှေးဟောင်းသုတေသီများက သုံးသပ်ခဲ့ကြသည်။ ကျောက်မျက်မော်စေတီ၏ နေဝင်ဆည်းဆာအလှသည် ဧရာဝတီမြစ်နှင့်တန့်ကြည်တောင်၏ တောင်စဉ်တောင်တန်းများသည် ပန်းချီကားတစ်ချပ်သဖွယ် ထူးခြားစွာဆွဲဆောင်နေပေသည်။
ဂဲမိုးအိုင်ခရီးစဉ်ဒေသသစ်
ဂဲမိုးအိုင်ခရီးစဉ်ဒေသသစ်သည် ကျောက်ပန်းတောင်းမြို့၏အရှေ့ဘက် ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း ၇ မိုင်အကွာရှိ မဟာဗောဓိငါးထောင်မှ ဘယ်ဘက်လမ်း၊ ၂ မိုင် ၃ ဖာလုံ အကွာရှိ လဲဂွရွာနှင့်လက်ပံ့အိုင့်ရွာကြားတွင်တည်ရှိသည်။ လဲဂွရွာနှင့်လက်ပံအိုင့်ရွာကြားတွင် မပုပ်မသိုးသော ရဟန္တာဦးစန္ဓ၏ ရုပ်ကလာပ်တော်အားဖူးမြော်နိုင်ပြီး မြောက်ဘက် တစ်မိုင်ခန့်သွားလျှင် ဂဲမိုးအိုင်သို့ရောက်ရှိမည်ဖြစ်သည်။ အဆိုပါနေရာတွင် တစ်မိုင်ခန့်ရှည်လျားသည့် ကျောက်လျှိုမြောင်အတွင်း လက်ငါးချောင်းအိုင်၊ ဂဲတစ်လုံးစို့အိုင့်၊ ဂဲမိုးအိုင်၊ စကောဝိုင်းအိုင်၊ ဗျောဗျောကျအိုင်တို့ကို လေ့လာနိုင်ပြီး အန္တရာယ်ကင်းသည့် တောတွင်းစွန့်စားခရီးစဉ်အဖြစ် ခရီးသွားများစိတ်ကြိုက်ဖြစ်စေမည့်ခရီးစဉ်ဖြစ်သည်။
သဲပြင်တော(CBT)ခရီးစဉ်ဒေသသစ်
သဲပြင်တောကျေးရွာအုပ်စုသည် ညောင်ဦးမြို့တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး ကောင်းတော်စစ်ရွာ အိမ်ခြေ ၁၉၉ အိမ်၊ သဲပြင်တောရွာ အိမ်ခြေ ၂၀၀ တို့ပါဝင်ပြီး ရှေးနှစ်ပေါင်း ၁၅၀ ခန့်ကတည်ထားခဲ့သော ရှေးဟောင်းဘုန်းကြီးကျောင်း(ရုပ်စုံ ကျောင်း)၊ ရွာလည်ကျောင်း၏ တဘက်တချက်တွင် ကပ်လျက်တည်ရှိသည်။ စုစုပေါင်းလူ ဦးရေ ၁၆၈၅ ဦးရှိပြီး ဘာသာတရားကိုင်းရှိုင်းကြကာ ရိုးရာနတ်ကိုးကွယ်မှုကိုလည်း တွေ့ရှိနိုင်သည်။
အလုပ်အကိုင်မှာရက်ကန်းလုပ်ငန်း၊ ထန်းလုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ရိုးရာ ဆုံဆီကြိတ်လုပ်ငန်းတို့လုပ်ကိုင်ကြပြီး ရှေးဟောင်းပေစာ၊ ပုရပိုက်စာ၊ ကြေးကမ္မဝါများ ၊ရှေးလက်ရာစာတိုက်သေတ္တာများ၊ စက်နာရီမပေါ်မီကပင် လက်လှည့်ရှေးနာရီတို့ကို လေ့လာနိုင်သည့်အပြင် ရွှေနတ်တောင်ပေါ်မှ နေထွက်နေဝင်ရှုခင်း ကြည့်ရှုနိုင်ပြီး ရှေးဟောင်း ပစ္စည်းတန်းဖိုးထား လေ့လာလိုသူများ လာရောက်လေ့လာသင့်သည့် ခရီးစဉ်သစ်များဖြစ်ကြောင်း သိရသည်။
ဒီပါလင်း