မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး ဝါဆိုမည့်သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်ပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကြည်ရှုအားပေး

မော်လမြိုင် ဇူလိုင် ၃၀

 မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုဝါကပ်တော်မူမည့် ဆရာတော်၊ သံဃာတော်များ စိတ်အေးချမ်းစွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် ဝါဆိုသင်္ကန်း ဆက်ကပ်ပူဇော်ခြင်းနှင့် ကျောင်းတိုက်များအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ စျေးကြိုတော်ကူး ပရိယတ္တိစာသင်တိုက်နှင့် မဟာမြိုင်ပရိယတ္တိစာသင်တိုက် ကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့်အမှိုက်များအား ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများမှ ပူးပေါင်း၍ ဘုန်းတော်ကြီးကျောင်းတိုက်များတွင် ဝါဆိုသံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ခြင်းနှင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း/အပြင် သန့်ရှင်းရေးများပြုလုပ်ပေးခြင်း၊ ခြုံနွယ်မြက်ပင်များရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့ စျေးကြိုတော်ကူး ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တပညာသာမိဘိဝံသ မဟာဂန္တဝာစကပဏ္ဍိတ၊ သာသနာဓဇဓမ္မာစရိယ ဆရာတော်နှင့်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် အလားတူ ​ မဟာမြိုင်ပရိယတ္တိစာသင်တိုက်ကျောင်းမှ ဦးဣန္ဒက ဆရာတော်နှင့်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)