ပေါင် ဇူလိုင် ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ပေါင်မြို့ပေါ်ရပ်ကွက်များနှင့် မော်လမြိုင်-ရန်ကုန်ကားလမ်း၌ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကားလမ်းရေကျော်ပြီး မြို့ပေါ်ရပ်ကွက်များ၏ လူနေအိမ်များသို့ ရေသုံးပေခန့်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါရေဝင်ရောက်နေသော နေရာများသို့ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်နှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်းကာ မော်တော်ယာဥ်များ၊ ဆိုင်ကယ်များ ဖြတ်သန်း မောင်းနှင်မှုနှင့် လူနေအိမ်များသို့ရေဝင်ရောက်နေမှုကို ပစ္စည်းများသိမ်းဆည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေဆက်လက်မြင့်တက်လာပါက ဘေးအန္တရာယ်ကင်းရှင်းစေရန် ယာဥ်များဖြတ်သန်းသွားလာမှုကို ခေတ္တဆိုင်းငံ့သွားမည်ဖြစ်သည်။ အလားတူ ဇင်းကျိုက်မြို့နှင့် ဖလပ်ကျေးရွာ၊ မုတ္တမကျေးရွာရှိ ဝါရီရူတွင်လည်း ရေများမြင့်တက်လျက်ရှိသည်။ ထို့ပြင် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာအထွက် စည်ပင်ဂိတ်အနီးတွင် မြေသားပျော့ကျမှု အနည်းငယ်ရှိသဖြင့် အနီးပတ်ဝန်းကျင်ရှိနေအိမ်များအား ကြိုတင်ရွှေ့ပြောင်းထားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အခြေအနေစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)