မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

မအီ ဇူလိုင် ၃၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပြီး ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မအီနယ်မြေမီးသတ်စခန်းမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများလိုက်ပါ၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မအီမြို့၊ အမှတ်(၁)ရပ်ကွက်၊ (၃)ရပ်ကွက် အတွင်း၌ အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခြင်များခိုအောင်းပေါက်ပွားနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့်  အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သောနေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ တာယာခွံ၊ ပလပ်စတစ်ခွံများရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများနှင့်  Box Culvert များအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက်ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးများခတ်ပေးခြင်း စသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါအပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်စေရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ကြောင်း၊  ၎င်းရောဂါသည် ကပ်ရောဂါ အသွင်ဖြစ်ပွားမှုဖြင့် (၂)နှစ်လျှင် တစ်ကြိမ်(သို့မဟုတ်) (၃)နှစ်လျှင် တစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်များတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းမြင့်မားခဲ့ပြီး ယခုနှစ်များတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါများဖြစ်ပွားပြီး ကလေးသူငယ်ထိခိုက်သေဆုံးမှုများ ရှိလာခဲ့ခြင်းကြောင့် မအီမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအားအရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှဝန်ထမ်းများက အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ပေးခြင်းများကို အပတ်စဉ် တနင်္လာ၊ သောကြာ၊ စနေနေ့များတွင် မအီမြို့ပေါ်ရပ်ကွက်များ၌ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)