မြစ်သားမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း၌ ဆရာတော်/သံဃာတော်များအား စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲကျင်းပ

မြစ်သား ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ  အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲကို ယမန်နေ့နံနက်(၈)နာရီအချိန်က (အ.ထ.က)မြစ်သား ကျန်စစ်သားအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဆရာတော်သံဃာတော်များက ဧည့်ပရိသတ်များ၊ ကျောင်းသား/ကျောင်းသူများကို ပရိတ်တရားတော်များ ဟောကြားချီးမြှင့်ပေးခဲ့ပြီး ပင့်ဆရာတော်သံဃာတော် (၁၀)ပါးတို့အား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုငွေ သုံးသိန်းသုံးသောင်းကျပ်တို့ကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မင်းကျောင်းပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဒေါက်တာဘဒ္ဒန္တ ဝေဠုရိယဟောကြားသော အနုမောဒနာ တရားတော်များကို  ဆရာ/ဆရာမများ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ ဧည့်သည်တော်များ၊ ကျောင်းသား/ကျောင်းသူများက ကြည်ညိုမှတ်သားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသည့်ဧည့်ပရိသတ်များကို ကြာဇံဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)