မအီ ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီး ဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၏ ဦးဆောင်မှုဖြင့် ထွေ/အုပ်ဝန်ထမ်းမိသားစုများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုပေါင်းပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ရှေးဉီးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုပူဇော်ပြီး ဥက္ကံ တောင်ကျောင်းတိုက်၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာဇောတထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုးတရားတော်အား နာယူခဲ့ကြသည်။ ဆက်လက်ပြီး ဆရာတော်ဘုရားကြီးများက အန္တရာယ်ကင်းပရိတ် တရားတော်များအား ရွတ်ပွားသရဇ္ဈာယ် ပူဇော်ခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် ထွေ/အုပ်ဝန်ထမ်းမိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဥက္ကံတောင်ကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် ထံ၌ လှူဒါန်မှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ဆရာတော်ဘုရားကြီးများအား မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် ထွေ/အုပ်ဝန်ထမ်းမိသားစုများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
မောင်မောင်ဌေး(ပြန်/ဆက်)