တန့်ယန်း ဇူလိုင် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနက မြို့နယ်အတွင်းရှိ စီမံကိန်းဝင်ကျေးရွာများမှ ကျေးရွာရှိ မိခင်များအဖွဲ့အား အရင်းမပျောက် လည်ပတ်ရံပုံငွေနှင့် ကျေးရွာစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၁) ရပ်ကွက်ရှိ လှဧကရီခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းနားတွင် မြို့နယ်ကြက်ခြေနီအသင်း နာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး စီမံကိန်းဝင် ကျေးရွာများဖြစ်ကြသည့် နမ့်ပွန်း၊ နားဟွေ၊ လုံယန်း၊ ပိန်းကမ်း၊ လုံမု၊ နားပိန်း၊ ပန်လော့၊ မတ်ခမ်း၊ နားဆောင်၊ နားဟွေ၊ မန်လွယ်၊ မန်ပေါက်၊ မန်ပန်၊ တုန်ဟုန်း၊ တာကိုင်၊ ကုန်းမုံ စုစုပေါင်းကျေးရွာ(၁၆)ရွာရှိ ကျေးရွာမိခင်များအဖွဲ့အား အရင်းမပျောက် လည်ပတ်ရံပုံငွေ တစ်ရွာလျှင် ငွေကျပ်သိန်း (၃၀)ဖြင့် မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့်အတူ ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနက မြို့နယ်အတွင်းရှိ စီမံကိန်းဝင်ကျေးရွာများမှ ကျေးရွာမိခင် များအဖွဲ့အား “မိခင်နှင့်ကလေး ကျန်းမာရေး မြှင့်တင်ရန်”၊ “အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရန်” စသည့် ရည်ရွယ်ချက်များဖြင့် အရင်းမပျောက် လည်ပတ်ရံပုံငွေများ ပေးအပ်ခြင်းဖြစ်ပြီး စီမံကိန်း ကာလအတွင်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးကြသော ကျေးရွာစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးစိုင်းစန်းလှထွန်း၏ ပြောပြချက် အရ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)