မူဆယ်မြို့၌ ပိုးတွေ့လူနာသစ်(၂)ဦးထပ်မံတွေ့ရှိပြီး ပိုးတွေ့လူနာ(၁၁)ဦးရှိလာ

မူဆယ် အောက်တိုဘာ ၁၄

မူဆယ်မြို့၌ ရဲတပ်ဖွဲ့ဝင်(၁)ဦးနှင့် ယာဉ်မောင်း(၁)ဦးထံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိပြီး မူဆယ်မြို့၊ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသူ စုစုပေါင်း(၁၁)ဦး ရှိလာပြီဖြစ်ကြောင်း မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

မူဆယ်မြို့၌ တာဝန်ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များကို ရောဂါပိုးကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးရာ ရဲတပ်ကြပ် (၁)ဦးထံတွင် ရောဂါပိုးတွေ့ရှိပြီးနောက် မိသားစုဝင်များအား (Home Quaraintine) ထားရှိပြီး ပိုးတွေ့လူနာနှင့် ထိတွေ့သူများကိုလည်း စနစ်တစ်ကျစောင့်ကြည့်မှုများ ဆောင်ရွက်ရန် မူဆယ်မြို့၊ ပြည်သူ့ဆေးရုံမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ မူဆယ်မြို့ (၁၀၅)မိုင် အသောကဆီဆိုင်ဟောင်း၌ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို (Antigen Test Kit) ဖြင့် ရောဂါပိုး ရှိ/မရှိတို့ကို စနစ်တစ်ကျ စစ်ဆေးမှုများဆောင်ရွက်လျက်ရှိရာ ယာဉ်မောင်း(၁)ဦးထံတွင် ရောဂါထပ်မံတွေ့ရှိခြင်းဖြစ်သည်။

မူဆယ်မြို့၊ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရပြီး ပိုးတွေ့လူနာ(၁၁)ဦးရှိသည့်အနက် (၁၀)ဦးသည် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်များဖြစ်ကြကြောင်း သိရသည်။

ဆလိုင်းဗန်ရိုထန်(ပြန်/ဆက်)