(၂၅)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

သံတွဲ ဇူလိုင် ၃၀

သံတွဲခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် (၂၅)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ(၂၅)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပင့်ဖိတ်၍ ကြွရောက်တော်မူကြသည့် ဆရာတော်ရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ သံတွဲမြို့နယ် ဇီးကျွန်းကျေးရွာ ကိုးနဝင်းမဟာဝိဟာရကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဓမ္မသိရီအရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ပင့်ဖိတ်၍ ကြွရောက်တော်မူကြသည့် သံဃာတော်အရှင်သူမြတ် (၁၈)ပါးက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပေးတော်မူကြသည်။

ဆက်လက်၍ သံတွဲမြို့နယ် ဇီးကျွန်းကျေးရွာကိုးနဝင်း မဟာဝိဟာရကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဓမ္မသိရီအရှင်သူမြတ် အမှူးပြုသည့် သံဃာတော်အရှင်သူမြတ် (၁၈)ပါးတို့အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မဟာဗောဓိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကလျာဏ (အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)