မောင်တော ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပညာရေးဌာန၊ ပန်းခင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပန်းခင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်အသင်း ဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ထွန်းက အသင်း၏ အခြေအနေပေါ် တွေ့ရှိချက်များကိုလည်းကောင်း၊ အသင်း၏အုပ်ချုပ်မှူး ဒါရိုက်တာက အသင်း၏ ရှေ့ဆက်လုပ်ဆောင်ရမည့် တာဝန်များနှင့် လက်ရှိအခြေအနေများကို လည်းကောင်း၊ အသင်း၏စာရင်းစစ် ဦးအောင်ကျော်လှက ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်၏ တစ်နှစ်စာ ငွေစာရင်းရှင်းတမ်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးပြီးနောက် အသင်းသားများက သုံးသပ်ဆွေးနွေး အကြုံပြုခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွင်း စုဆောင်းငွေ အများဆုံးစုသူ အသင်းဝင်ငါးဦးကို ဆုချီးမြှင့်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်အောင်မြင်သော အသင်းဝင်များတို့၏ သား/သမီးများအနက် သုံးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် နှစ်ဦးတို့အား တစ်ဘာသာလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြကာ အသင်းသားများအား ကံစမ်းမဲများ ဖောက်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင်ပြန်/ဆက်)