မော်လမြိုင်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း၍ စုပေါင်းသန်းရှင်းရေး ပူးပေါင်းဆောင်ရွက်

မော်လမြိုင် ဇူလိုင် ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဝါဆိုဝါကပ်တော်မူကြမည့် ဆရာတော် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်ခရိုင် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးတို့၌ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ  စုပေါင်းသန့်ရှင်းရေးကို လိုက်လံဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်သားများ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက မော်လမြိုင်မြို့ရှိ တော်ကူးကျောင်း၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၊ ကော့ခနိရွှေကျောင်းတိုက်၊ နန္ဒာဝန်ဥယျာဥ်ကျောင်း၊ အင်းဝိုင်းကျောင်းတိုက်တို့၌ စုပေါင်း၍ သန့်ရှင်းရေးကို ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ချောင်းဆုံမြို့နယ်အတွင်းရှိ ဘေးမဲ့ကျောင်း၊ ဘုရားကျောင်း၊ ဓမ္မသုခကျောင်း၊ အောင်တော်မူကျောင်း၊ တေဇစက္ကိကျောင်း၊ ဂူကျောင်း၊ တောင်ပေါ်ကျောင်း၊ ကရင်ဝင်းစိန် ကျေးရွာအုပ်စုရှိ တောင်ပေါ်ကြီးကျောင်း၊ မဟာစည်ရိပ်သာကျောင်းနှင့် မဟာဝိဟာရကျောင်းတို့ ၌ လည်းကောင်း၊ ကျိုက်မရောမြို့နယ်ရှိ ဘုရားကြီးကျောင်း ဇေတဝန်ကျောင်း၊ ရသေ့တိုက် ကျောင်း၊ ကော့တာတောရကျောင်း၊ ဘုရားနှစ်ဆူ ကျောင်းတို့၌ လည်းကောင်း၊ မုဒုံမြို့နယ်ရှိ ဂျုံးဂျုံးကျ ပရိယတ္တိစာသင်တိုက်၊ ကျောင်းသစ်စာသင်တိုက်တို့၌လည်းကောင်း၊ သံဖြူဇရပ် မြို့နယ်ရှိ ကျိုက်ရာမညဇိနရုပ်ပွားတော် ဘုရားကြီးနှင့် ဗုဒ္ဓဘုန်းကြီးကျောင်း တို့၌လည်းကောင်း၊ ရေးမြို့နယ်ရှိ ဂေါခတ္တာကျောင်း (ထန်းခြောက်ပင် ကျောင်း) ၌ လည်းကောင်း ဆရာတော် သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်များ ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး ကျောင်းတိုက် အသီးသီးတို့၌ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ စုပေါင်းကာ ခြင်အန္တရာယ်ကင်းစင်ပြီး သံဃာတော်များ စိတ်အေးချမ်းသာစွာသီတင်းသုံးနိုင်ရေး အတွက် လမ်းဘေးဝဲယာ ရေနုတ်မြောင်းတစ်လျှောက် အမှိုက်သရိုက်များအား ဆယ်ယူခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ လမ်းတစ်လျှောက် ခြုံနွယ်များ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို  တစ်ပျော်တစ်ပါး ပူးပေါင်း၍ ဆောင်ရွက်‌ပေးခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)