ပူတာအိုမြို့ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ပူတာအို ဇူလိုင် ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာစုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချတရားနာအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက ပူတာအိုမြို့မြို့မရပ်ကွက်ရှိ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဖတ်ပူဇော်ကာ အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များထံမှ သီလရှင်များက ရှစ်ပါးသီလနှင့်လူပုဂ္ဂိုလ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များက မေတ္တာသုတ်တရားတော်များ ချီးမြှင့်တော်မူပြီး အခမ်းအနားတက်ရောက်လာသည့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးသိန်းဆွေညွန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ခရိုင်အတွင်းသီတင်းသုံးကြသော ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုအလှူငွေများကို ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချတရားနာအခမ်းအနားတွင် ခရိုင်အဆင့် ဌာနဆိုင်ရာများက ကျပ်သိန်းပေါင်း(၂၉,၈၅၀၀၀)သိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကျပ်သိန်းပေါင်း(၁၄,၃၉၅၀၀)သိန်း စုစုပေါင်း ကျပ်သိန်းပေါင်း (၄၄,၂၄၅၀၀) သိန်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး အခမ်းအနားအပြီးတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)