မြောက်ဦး ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကျင်းပသော စူပါဘိုကာရှီ ပြုလုပ်နည်းသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာနှင့် ပီပင်ရင်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေး စင်တာများတွင် ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ သရုပ်ပြပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၂) က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်ဖြိုးက သရုပ်ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြောက်ဦးခရိုင် မြေအသုံးချရေးတာဝန်ခံတို့က တောင်သူအသိပညာပေး အကြောင်းအရာများ၊ လယ်ယာမြေအကြောင်း သိကောင်းစရာများနှင့် EM ဘိုကာရှီအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ပြည်နယ်မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ဆွေအေးက စူပါဘိုကာရှီပြုလုပ်နည်းအား ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော ဒေသခံတောင်သူများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြိုးမောင်မောင် (မြောက်ဦး)