မြင်းခြံမြို့၌ အခြေခံပညာဦးစီးဌာနတွင် သတ်မှတ်ပညာအရည်အချင်းနှင့်ကိုက်ညီသည့် ရုံးဝန်ထမ်းများခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲပြုလုပ်

မြင်းခြံ ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အခြေခံပညာဦးစီးဌာနတွင် သတ်မှတ်ပညာ အရည်အချင်းနှင့်ကိုက်ညီသည့် ရုံးဝန်ထမ်းများခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်မှ စတင်၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

"ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံတစ်ခုတည်ဆောက်ရည် ပညာရေးကဏ္ဍသည် အလွန်အရေးကြီးပါတယ်။ သင်ကြားသင်ယူမှု မြင့်မားရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆရာများ၏ အခန်းကဏ္ဍအရေးကြီးသကဲ့သို့ ရုံးဝန်ထမ်းများ၏ အခန်းကဏ္ဍသည်လည်း အဓိကကျသည့်အတွက် အရည်အသွေးပြည့်ဝတဲ့ ပုဂ္ဂိုလ်များအား ရုံးဝန်ထမ်းရာထူးနေရာများဖြစ်တဲ့ ငွေကိုင်(၄)၊ အငယ်တန်းစာရေး၊ ရုံးအကူ၊ သန့်ရှင်းရေးအကူ၊ အစောင့်၊ လုပ်သား (ရေ/မီး) စတဲ့ ရာထူးနေရာများ ခန့်ထားနိုင်ရေး အရည်အချင်းစစ်စာမေးပွဲပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဇူလိုင်လ (၃၀) ရက်နေ့မှာတော့ လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ အခြေခံပညာဦးစီးဌာနတွင် သတ်မှတ်ပညာအရည်အချင်းနှင့်ကိုက်ညီသည့် ရုံးဝန်ထမ်းများခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီမှ စတင်၍ အင်္ဂလိပ်စာ၊ မြန်မာစာနှင့် အထွေထွေဗဟုသုတ စသည့် ဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ပြီး ဘာသာရပ် (၁) ခုကို အချိန် တစ်နာရီ ဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲသို့ အမျိုးသား (၅၅) ဦး၊ အမျိုးသမီး (၂၆၉) ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။                            

ကျော်စွာ(မြင်းခြံ)