တာချီလိတ် ဇူလိုင် ၃၀
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)က ကြီးမှုးကျင်းပသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ယမန်နေ့နံနက် (၉)နာရီက Happy Restaurant တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က သင်တန်းတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေးကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာများအား အိမ်ခြံမြေ အကျိုးဆောင်များသိရှိနိုင်စေရန် အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း တာချီလိတ်ခရိုင် နာယက ဦးစံသိန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ငွေကြေးခဝါးချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာများနှင့် အိမ်ခြံမြေ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေရေးရာသိကောင်းစရာများကို သင်တန်းဆရာ လေးဦးဖြင့် သင်တန်းသား/သင်တန်းသူ ၁၅၀ ဦးအား ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၂ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်ခရိုင်တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ စတင်တည်ထောင်ခဲ့ပြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အနေဖြင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်အသင်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့အထိ ကျိုင်းတုံခရိုင်တွင် ၅၀ ဦး၊ တာချီလိတ်ခရိုင်တွင် ၂၀၀ ဦး၊ စုစုပေါင်း ၂၅၀ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)