မာန်အောင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့်ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများဆောင်ရွက်

မာန်အောင်  ဇူလိုင် ၂၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မိုးရာသီကာလ ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်၉နာရီကကမ်းနားရပ်ကွက်နှင့် ရန်အောင်မြင် ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမင်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကမ်းနားရပ်ကွက်နှင့်ရန်အောင်မြင် ရပ်ကွက်ရှိ နေအိမ်များတွင် ထားရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဥ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များတွင် ခြင်လောက်လန်းများ မပေါက်ပွားစေရန်အဘိတ်ဆေးများခတ်ပေးခြင်း၊ နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် များပြုလုပ်ပေးခြင်းနှင့် ရေတွင်းရေကန်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)