သံဖြူဇရပ် ဇူလိုင် ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂၂၈) ကျောင်းတွင် ဝါဆိုဝါကပ်တော်မူမည့် သံဃာတော်များ စိတ်အေးချမ်းမြေ့စွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် ဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ခြင်းနှင့် ကျောင်းတိုက်များအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်မှ စတင်၍ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှု ရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများမှ ပူးပေါင်း၍ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက်ပြီး ဝါဆိုသံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ခြင်းနှင့် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း/ အပြင် သန့်ရှင်းရေးများပြုလုပ်ပေးခြင်း၊ ခြုံနွယ်မြက်ပင်များ ရှင်းလင်းခြင်း၊ စေတီပုထိုးများတွင် သန့်ရှင်းရေးနှင့် ရောင်တော်ဖွင့်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက် ခဲ့ကြသည်။
အဆိုပါဆောင်ရွက်ခြင်းကို ယနေ့တွင် သံဖြူဇရပ်မြို့ အောင်ကုသိုလ်ရပ်ကွက်ရှိ ကျိုက်ရာမညဇိန ရုပ်ပွားတော်ဘုရားကြီးတွင် အောင်သုခဘုန်းတော်ကြီကျောင်းမှ ဘဒ္ဒန္တသုဓမ္မဆရာတော်ကြီးနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ပြီး၊ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက် ခဲ့ကြောင်းနှင့် အလားတူ ကျိုက္ခမီမြို့၊ မြို့မစျေးရပ်ကွက်ရှိ အေးရိပ်သာမန္တလေး ဘုန်းတော်ကြီး ကျောင်း၊ မြမာလာကျေးရွာရှိ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းတို့တွင်လည်း ဝါဆိုသင်္ကန်းဆက်ကပ်ပြီး စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်တွင် ဇူလိုင် ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဘုန်းတော်ကြီးကျောင်းပေါင်း (၂၂၈) ကျောင်းရှိရာ (၅၄)ကျောင်းအား ဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ပြီးဖြစ်ကြောင်း နှင့် ကျန်ရှိသော ဘုန်းတော်ကြီးကျောင်းများအား ဆက်လက်ဆက်ကပ်ပူဇော်သွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)