ပူတာအိုမြို့နယ် မလိဒီကျေးရွာကုန်ထုတ်လမ်းတလျောက် အရိပ်ရပင်များစုပေါင်းစိုက်ပျိုး

ပူတာအို   ဇူလိုင်  ၂၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မလိဒီကျေးရွာနေ ပြည်သူလူထုများပူးပေါင်းမှုဖြင့် ကျေးရွာကုန်ထုတ်လမ်းတစ်လျောက် အရိပ်ရပင်များစုပေါင်း စိုက်ပျိုးခြင်းကို ယနေ့နံနက်(၉)နာရီက ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု မလိဒီကျေးရွာ ကုန်ထုတ်လမ်း၌ စုပေါင်းစိုက်ပျိုးကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးခြင်းကို ကျေးလက်နေပြည်သူများ သစ်တောသစ်ပင်များထိန်းသိမ်းတတ်လာစေရန်၊ သစ်တောစိုက်ခင်းများထူထောင်ခြင်းဖြင့် သဘာဝစိမ်းလန်းစိုပြေလာစေရန်၊ ဒေသအတွင်း အပူချိန် လျော့ချနိုင်ရန်၊ လမ်းသွားလမ်းလာပြည်သူများ သစ်ပင်အရိပ်အောက်တွင် အေးချမ်းစွာ သွားလာလှုပ်ရှားနိုင်ရန်နှင့် သစ်တောပြုန်းတီးမှုမရှိစေရေး သစ်ပင်အစားထိုးစိုက်ပျိုးရန်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့်ဝန်ထမ်းများ ၊ မလိဒီကျေးရွာနေပြည်သူ(၅၀)ဦးတို့က မလိဒီကျေးရွာကုန်ထုတ်လမ်းတစ်လျောက် လေးဖာလုံအတွင်း အရိပ်ရအပင်(၂၀၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)