လားရှိုး ဇူလိုင် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်စိုက်ပျိုးရေးရုံးဝန်းအတွင်းတွင် စိုက်ပျိုးထားသည့် စံပြစိုက်ပျိုးခင်းများမှ စပါးမျိုးများ၊ ဆီထွက်သီးနှံအထွက်တိုး နေကြာစိုက်ခင်းများမှ မျိုးစေ့များကို တောင်သူများသို့ ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်စိုက်ပျိုးရေးရုံးဝန်းအတွင်းရှိ လေးဧကကျယ်ဝန်းသည့် စံပြစိုက်ကွက်နေရာများတွင် အထွက်နှုန်းကောင်း မျိုးစပါးစမ်းသပ်ကွက်စိုက်ခင်း၊ နေကြာမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိ ကြောင်း သိရသည်။
“ဆောင်းတွင်းကာလမှာ လားရှိုးမြို့နယ်ရဲ့ ဆီထွက်သီးနှံဖူလုံဖို့အတွက် တောင်သူတွေကို ထွက်နှုန်းကောင်းမျိုးစေ့တွေ ဖြန့်ဖြူးပေးပါမယ်။ စပါးစမ်းသပ်ကွက်ကျတော့ ဘယ်မျိုးစေ့က ဒီဒေသနဲ့ သင့်တော်မလဲဆိုတာ စမ်းသပ်စိုက်ပျိုးပေးတာဖြစ်ပါတယ်။ ဘယ်စပါးမျိုးတွေ ဒီဒေသမှာ စိုက်ပျိုးသင့် တယ်ဆိုတဲ့ မှတ်ချက်ပေးနိုင်အောင် လုပ်တယ်။ စိုက်နည်းစနစ်တွေ ပေးတယ်ပေါ့။”ဟု လားရှိုးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းတိုးတိုးက ပြောသည်။
ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးဝန်းအတွင်းတွင် စပါးစိုက်ခင်း၊ ပြောင်းစိုက်ခင်း၊ နေကြာစိုက်ခင်းများအပြင် အခြားစားဖိုဆောင်သီးနှံ စိုက်ခင်းများကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)