ညောင်ဦး ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ကျန်စစ်သားမင်းကြီး အေဒီ ၁၀၈၄ ခုနှစ်တွင် တည်ထားခဲ့သည့် နဂါးရုံဘုရားရှိ နှစ်ကျိတ်ရှစ်ဆူဗုဒ္ဓဝင် ကျောက်ဆစ်ပန်း လက်ရာများနှင့်ဗုဒ္ဓဝင်ဆိုင်ရာနံရံပန်းချီးများလေ့လာနိုင်ကြောင်း ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံကသိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ နဂါးရုံဘုရားကို ပုဂံခေတ်ဦးပိုင်း အေဒီ ၁၀၈၄ ခုနှစ်တွင် ကျန်စစ်သားမင်းကြီးတည်ထားခဲ့ကြောင်း အာရုံခံမြောက်ဘက်လှည့် ကွမ်းတောင် ပေါက်ဂူဘုရားတစ်ဆူဖြစ်ပြီး ဗိသုကာလက်ရာများကိုကြည့်ခြင်းအားဖြင့် မွန်ယဉ်ကျေးမှုလွှမ်းမိုး လျက်ရှိသည်ဟုယူဆရကြောင်း အလယ်တိုက်မတွင် နဂါးပါးပျဉ်းမိုးထားသည့် အဘယမုဒြာဟန် မတ်ရပ်ဆင်းတုကြီးတစ်ဆူရှိသည်။ ယင်းဆင်းတုတဘက်တချက်တွင်မဟာဂရုဏီကာမုဒြာ ဆင်းတုတော်နှစ်ဆူခြံရံထားသည်ကို ဖူးမြော်တွေ့ရှိရသည်။ နှစ်ကျိတ် ရှစ်ဆူဗုဒ္ဓဝင် ကျောက် ဆစ်လက်ရာများနှင့်ဗုဒ္ဓဝင်ဆိုင်ရာ နံရံပန်းချီများကို ပါဠိစာ၊ မွန်စာ တို့ဖြင့်ရေးထိုးမှတ်တမ်းတင်ထားသည်ကိုတွေ့ရှိရသည်။ပုဂံခေတ် သစ်သား၊ ပန်းပုလက်ရာများကို အပြင်အာရုံခံအဝင်နှင့်အတွင်း တိုက်မအာရုံခံတို့တွင် ကျွန်းသစ်သားလေးထောင့်တုံးကြီးများဖြင့် တံခါးဘောင်ထုပ်အဖြစ် တွေ့မြင်လေ့လာနိုင်သည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဆင်ဖြူရှင်အုတ်ကျောင်းတိုက်သည် ပုဂံခေတ်နောက် ပိုင်းနှင့်နှောင်း ပိုင်းကာလများတွင် တည်ထားကိုးကွယ်ခဲ့သည့် ထေရဝါဒဗုဒ္ဓတက္ကသိုလ် ကြီးတစ်ခုဖြစ်ကာ ကျောင်းတိုက်ကြီးကို နှစ်ထပ်တံတိုင်းဖြင့် ကာရံတည်ဆောက်ထားသည်။ ဆင်ဖြူရှင်ဂူဘုရားမှာ တံတိုင်းအတွင်း အနောက်မြောက်ဘက်တွင် တည်ရှိပြီး အရှေ့ဘက်လှည့်နှစ်ထပ်လိုဏ်ဂူ ဘုရား ဖြစ်သည်။ အာရုံခံအတွင်း ကျောက်စာတိုင်(၃)တိုင်ရှိကာ တံတိုင်းနှစ်ထပ်အကြားတွင်ကျောင်းတိုက်ငယ်(၄၀)ကျော်တည်ဆောက်ခဲ့ပြီး ရဟန်းငယ်များသီတင်းသုံးနေထိုင်ခဲ့ကြောင်း၊ အတွင်း တံတိုင်း အတွင်းရှိ အဆောက်အအုံများမှာ ဂူဘုရား၊ သိမ်၊ အုတ်ပြဿဒ်ကျောင်းကြီး ၊ဓမ္မသာလာ ဆောင်၊ ရေကန်နှင့်သီဟိုပုံ ပုထိုးတို့ဖြစ်ပြီး ယခုအခါ အဆောက်အအုံအချို့မှာ ပျက်စီးယိုယွင်းလျက်ရှိပြီး အုတ်ကုန်းအချို့သာကျန်ရှိတော့သည်။သက္ကရာဇ် ၆၉၂ ခုနှစ်တွင် ရေးထိုးထားသော မဟာထေရ်၏ ကျောက်စာများလည်းရှိကြောင်း နံရံပန်းချီနှင့်အင်္ဂတေပန်းလက်ရာအချို့ကျန်ရှိ နေသေးသည်ကိုလေ့လာတွေ့ရှိနိုင်သည်။
ဆင်ဖြူဘုန်းတော်ကြီးကျောင်းအစုအဝေး၏ အရှေ့ဘက်တွင် လေးမျက်နှာဘုရား၊ နရသီဟ ပတေ့ဘုရား၊ သမ္ဘူလဘုရား၊ ဘုရားသုံးဆူ၊ အနောက်တောင်ဘက်တွင် ပြဿဒ်ကြီးဘုရား၊ ဓမ္မရာဇကဘုရား၊ အနောက်ဘက်တွင် စူဠာမဏိဘုရား၊ ပံ့သကူမဟာထေရ်ဘု ရား၊ဓမ္မရံကြီး ဘုရားနှင့်ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင် ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိက အဆောက်အအုံများကိုလေ့လာနိုင်ကြောင်းသိရသည်။
နဂါးရုံဘုရား၏ အရှေ့ဘက်တွင် လေးမျက်နှာဘုရား၊ မြောက်ဘက်တွင် မနုဟာဘုရား၊ မြစေတီ၊ ဂူပြောက်ကြီး(မြင်းကပါ)၊ ရွှေစေတီ၊ အနောက်ဘက်တွင် အပါယ်ရတနာ ဘုရား၊ စိုးမင်းကြီးဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ တောင်ဘက်တွင် စိမ်းညက်အမ ဘုရား၊ ကျောက်မျက်မှော် ဘုရားနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင် စေတီ၊ ပုထိုး၊ သာသနိက အဆောက်အအုံများကို မတူညီသောတည်ထားမှုပုံစံတို့ဖြင့် လေ့လာဖူးမြော်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း