မိုင်းပျဉ်းမြို့တွင် ကျေးရွာအရောက် နယ်လှည့်ဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်

မိုင်းပျဉ်း ဇူလိုင် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အမှတ်(၂)နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့၏ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျေးရွာများအရောက် ကွင်းဆင်းဆေးကုသပေးခြင်းကို ယနေ့နံနက် (၈)နာရီက ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာ၊ စာသင် ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အမှတ်(၂)နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသပေးခြင်းကို ဟောင်ကန်ကျေးရွာအုပ်စုမှ ရွာသူရွာသားများ၏ အထွေထွေ ကျန်းမာရေး ဆေးစစ်ပေးခြင်း၊ ကုသပေးခြင်းများအား နံနက်(၈)နာရီမှ (၁၁)နာရီအထိ ကျေးရွာစာသင်ကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြရာ အမှတ်(၂) နည်းဗျူဟာစစ်ဆင်ရေးအဖွဲ့၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်ကျော်နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာ ပြည်သူ့စစ် အဖွဲ့၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆေးကုသမှုခံယူနေ ကြသော ကျေးရွာသူ၊ ကျေးရွာသားများထံသို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင် ရွက်ပေးပြီး အားပေးစကားများ ပြောကြားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အမှတ်(၂) နည်းဗျူဟာစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသပေးခြင်းဆောင်ရွက်ရာသို့ ဟောင်ကန်ကျေးရွာအုပ်စုရှိ ဝမ်ယန်းရွာနှင့် အနီးရှိ ကျေးရွာများ၊ ဝမ်မတ်၊ လွန်ကျိုင်း၊ ဝမ်နောင်၊ ဝမ်ဖျစ်၊ ဝမ်ကန်စံပြရွာတို့မှ ကျေးရွာသူ၊ ကျေးရွာသား အင်အား(၁၀၀)ကျော် ဆေးကုသမှုခံယူခဲ့ကြ ကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)