သန်လျင် ဇူလိုင် ၂၉
သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုံပျံပရိယတ္တိစာသင်တိုက်၌ ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သန်လျင်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဥာဏိက (ဘုံပျံဆရာတော်)ထံမှ ဧည့်ပရိတ်သတ်များက သီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များနာယူကြပြီး ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်များထံ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက်လှူဒါန်းမှုအစုစုအတွက် ဘုံပျံဆရာတော်ထံမှ အနုမောဒနာ ရေစက်ချ တရားနာယူကြသည်။
သန်လျင်မြို့ ဘုံပျံဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ သာမဏေ၊ သီလရှင်၊ ကျောင်းသား ကျောင်းသူ(၅၂၇)ဦးတို့ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်ဆက်)