ကျိုင်းတောင်း မြို့အုပ်ချုပ်ရေးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပ

ကျိုင်းတောင်း ဇူလိုင် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌  မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသား(အလွတ်တန်း) ချစ်ကြည် ရေး မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်ခန့် အမှတ်(၅)ရပ်ကွက် မြို့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ရွှေကြက်ဖအသင်းနှင့် ရှမ်းလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရွှေကြက်ဖအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သဖြင့် ဆုပေးပွဲ  အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲအတွက် ငွေကျပ်တစ်သိန်းနှင့်အထက် လှူဒါန်းခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ပြိုင်ပွဲတွင်ကူညီဆောင်ရွက်ပေးခဲ့သော ကြက်ခြေနီအဖွဲ့နှင့်ဒိုင်အဖွဲ့အား အမှတ် တရလက်ဆောင်ပေးအပ်ခြင်း၊ အကောင်းဆုံး အားကစားသမားများအား ဌာနဆိုင်ရာတာဝန်ခံများမှ ဆုချီးမြှင့်ခြင်း၊ ဘောလုံးပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆုအား ဂုဏ်ပြု ဆုငွေပေးအပ်ခြင်း၊ တတိယဆုရရှိသည့် ဌာနဆိုင်ရာအသင်းအား တတက(၃)မှ ဒုတိယဗိုလ်မှူးကြီး ခွန်မိုးအောင်မှ ဆွဲပြားနှင့်ငွေသားဆုချီးမြှင့်ခြင်း၊ ဒုတိယရရှိသည့် ရှမ်းလူငယ်အသင်းအား ရပ်မိရပ်ဖဥက္ကဋ္ဌ ဦးစိုင်းထွန်းမွန်းမှ ဆွဲပြားနှင့်ငွေသားဆုချီးမြှင့်ခြင်း၊ ပထမဆုရရှိသည့် ရွှေကြက်ဖအသင်းအား တတက(၃)မှ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး မြင့်ဇော်မှ ရွှေဆွဲပြားချီးမြှင့်၍ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသက်နိုင်က ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက် ဖလားအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါပိတ်ပွဲအခမ်းအနားသို့ အမှတ်(၃)တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှခေတ္တကျောင်းအုပ်ကြီး၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ရှမ်းတိုင်းရင်းသားလူငယ်များ စုစုပေါင်း (၁၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဆုပေးပွဲအခမ်းအနား ကို ညနေ ၆ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)