ပုဏ္ဏားကျွန်း ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့်အတူဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ နားဋောင်းကျကျေးရွာသို့ ကွင်းဆင်း၍ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ အဆိုပါပူးပေါင်းအဖွဲ့သည် နားဋောင်းကျကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ဒေသခံကျေးရွာသူ၊ကျေးရွာသားများနှင့်တွေ့ဆုံ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးကျော်နုတို့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှု၊ မုန်တိုင်းဒဏ်ခံရသည့် တောင်သူများအား အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများ ဖြန့်ဝေပေးနေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များနှင့် ကူညီကယ်ဆယ်ရေးအတွက် ထောက်ပံ့ပစ္စည်းများလက်ခံရရှိခြင်း ရှိ/မရှိနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွင်ပါဝင်ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး၊ ဒေသခံကျေးရွာသားတို့က ဒေသဖွံဖြိုး တိုးတက်ရေးလုပ်အပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ဒေသခံပြည်သူ ၈၀ ဦးတက်ရောက်ခဲ့ကြပြီး၊ သွားတိုက်ဆေး၊ သွားပွတ်တံများနှင့်ရွှေဝါဆပ်ပြာတောင့်များကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)