အင်းစိန်မြို့နယ်၌ လှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၆)သိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည် ထိန်းသိမ်းရေး၊ငါးမျိုးကောင်း မျိုးသန့်များ ရေရှည် တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်စေရန် ရည်ရွယ်၍ လှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၆)သိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ ငါးချဆိပ်ကမ်းတွင် ကျင်းပသည်။

ငါးမျိုးစိုက်ထည့်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အင်းစိန်မြို့နယ်၊ လှိုင်မြစ်အတွင်းသို့ ငါးသားပေါက် ငါးမြစ်ချင်းကောင်ရေ(၄)သိန်းနှင့် ငါးခုံးမကြီး(၂)သိန်း တို့ကို ငါးမျိုး စိုက်ထည့်ခဲ့သည်။

ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးမြင့်ရွှေ၊ဒုတိယ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင့်လွင်နှင့်တာဝန်ရှိသူများ၊ အမှတ်(၄) ရှေ့တန်းတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်စိုးဦး၊အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သုခလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန့်ဇင်နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)