ဇမ္ဗူသီရိမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

ဇမ္ဗူသီရိ ဇူလိုင် ၂၉

နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကိုယနေ့နံနက် ၁၀ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ တော်ဝင်ရတနာမူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေ၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ မန္တလာရောင်စဥ်အသင်းမှတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်သည်။

ရှေ့ဦးစွာ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေကသင်တန်းဆင်း အမှာစကားပြောကြားရာတွင် စက်ချုပ်ပညာရပ်သည် အမှန်တကယ်ပြန်လည် လုပ်ကိုင်စားသောက်၍ရသည့် ပညာရပ်ဖြစ်ပြီး သင်တန်းသားများအားလုံး စက်ချုပ် နည်းပညာရပ်များကို တတ်ကျွမ်းပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်လေးများထူထောင်၍ မိမိအကျိုးစီးပွား၊ မိမိရပ်ရွာအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက နည်းပြများနှင့် သင်တန်းသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ စက်ချုပ်သင်တန်းတွင် ရင်စေ့၊ ရင်ဖုံးအင်္ကျီ အမျိုးမျိုးချုပ်နည်း၊ လေးလွှာစကပ်၊ သုံးလွှာစကပ်နှင့် ချိတ်စကပ်ချုပ်နည်း စသည့် ဘာသာရပ်များကို သင်တန်းနည်းပြ နှစ်ဦးက သင်တန်းသူ ၂၀ ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)