သီပေါ ဇူလိုင် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက မြိုနယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား၊မ အခြေပြုအကြမ်းဖက်မှု(Gender)၊အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေး (CEDAW)နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး(NSPAW)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအားရှင်းလင်းပြော ကြားခဲ့သည်။ ဆက်လက်၍ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး (CEDAW)ဆိုင်ရာ အကြောင်းအရာများနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး (NSPAW)ဆိုင်ရာ အကြောင်းအရာများကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အိအိနွယ်က ကျား၊မ အခြေပြုအကြမ်းဖက်မှု(Gender)နှင့် ပတ်သက် ရှင်းလင်းဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲတက်ရောက် လာသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးခဲ့ကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)