ကျောက်ဆည် ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် လမ်းတံတားများ ပြုပြင်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းမှ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာများတွင် ကတ္တရာ တိုးချဲ့ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကတ္တရာတိုးချဲ့ခင်းခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ကျဉ်းမြောင်းနေသည့် လမ်း၏ (၇.၇၄)ကီလိုမီတာနှင့် (၇.၉၄)ကီလိုမီတာကြားရှိ အရှည် (၀.၁၅) ကီလိုမီတာ၊ မူလအကျယ်(၁၂)ပေ ကတ္တရာလမ်းအား အောက်ခံကျောက်ထု(၂)ပေပြုလုပ်ပြီး အကျယ် (၁၈) ပေအထိ ကတ္တရာတိုးချဲ့ ခင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကတ္တရာတိုးချဲ့ခင်းခြင်းများဆောင်ရွက်ပြီးပါက ဒေသခံပြည်သူများ၏ စိုက်ပျိုးသီးနှံထွက်ကုန်များနှင့် လမ်းအသုံးပြုနေသည့် ပြည်သူများအတွက် ကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်နှင့် ကုန်ကျမှု စရိတ်များ သက်သာလာစေပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)