ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့ပေါ်  ရပ်ကွက်များနှင့်စာသင်ကျောင်းများတွင်သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်

ရသေ့တောင်   ဇူလိုင် ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့တွင် မြို့နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့စည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူ လူထုများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ကြသည်။

မြို့နယ်ကျန်းမာရေးဌာနမှ ရာသီအဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာယနေ့နံနက်ပိုင်းက မြို့နယ်စီမံကိန်းရုံးနှင့်ဝန်ထမ်းအိမ်ရာ၊ အ-မ-က(၁)၊ အ-မ-က(၃)ပုဗ္ဗာရုံဘုန်းကြီးကျောင်းနှင့် ယာယီကယ်ဆယ်ရေးစခန်း၊ ဦးကျော်ဝင်းဘော်ဒါဆောင်၊ အ-ထ-က(၁)နှင့် ပညာရေးမှူးရုံး၊ လဝကရုံးနှင့် ဝန်ထမ်းအိမ်ရာ၊ မိခင်ကလေးနှင့်ဝန်ထမ်းအိမ်ရာတို့တွင် အဖွဲများခွဲ၍ ဆေးပက်ဖျန်းခြင်းကို ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာသို့ ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ လူမှုရေးအဖွဲ့အစည်းများပါဝင် သည့်အဖွဲ့သည် ရသေ့တောင်မြို့နယ်အတွင်း စာသင်ကျောင်းရှိ စာသင်ခန်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သည့် သက်ကြီးခြင်ကောင် နှိမ်နင်းခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ (ဖုံး၊သွန်၊လဲ၊စစ်) လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေကန်၊ အုတ်ကန်များတွင် ပိုးလောက်လန်းသေဆေး (အဘိတ်) ခတ်ခြင်းနှင့် ဆရာ၊ ဆရာမများအား ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရသေ့တောင် (ပြန်/ဆက်)