သီပေါ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် အခြားဒေသမှ လာသည့် ပညာရေးဝန်ထမ်း (၂၂၃) ဦး ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း များရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာများတွင် ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က ရယူခဲ့ပြီး မန္တလေးမြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသွားအလာကန့်သတ် စောင့်ကြည့်ခံယူနေသူ (၂၂၃)ဦးမှာ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် မဲရုံမှူး၊ ဒု−မဲရုံမှူး များအဖြစ် ပါဝင်ဆောင်ရွက်ကြမည့် ပညာရေးဝန်ထမ်းများဖြစ်ရာ အခြားဒေသမှ ပြန်လည်ရောက်ရှိလာသည့်အတွက် အသွားအလာကန့်သတ် စောင့်ကြည့်ခံယူနေသူများဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)