ကလောမြို့နယ်၊ ဘော်နင်းစံပြကျေးရွာ၌ ဆိုင်ကယ်ပြုပြင်သင်တန်းဖွင့်လှစ်

ကလော ဇူလိုင် ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘော်နင်းစံပြကျေးရွာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ခေတ်မီစံပြကျေး ရွာရှိ ကျေးလက်နေပြည်သူများဝင်ငွေတိုးရေး မော်တော်ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲအခမ်း အနားကို ယမန်နေ့မွန်းလွှဲ  ၂ နာရီက ဘော်နင်းစံပြကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပ ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘော်နင်းစံပြကျေးရွာမှ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုး‌ရေးလုပ်ငန်းခေါင်းစဉ်နှင့် ဘော်နင်းကျေးရွာအုပ်စုထဲမှ သုံးစွဲလျက်ရှိသည့် မော်တော်ဆိုင်ကယ်များ ပျက်စီးမှုကို လုပ်ငန်းခွင် နှောင့်နှေးမှုမရှိဘဲ ပြုပြင်နိုင်ရန် မော်တော်ဆိုင်ကယ်ပြုပြင်ရေးဆိုင်များ ပေါ်ထွက်လာစေရန်နှင့် ဒေသခံများ ဝင်ငွေတိုးတက်လာစေရန် မော်တော်ဆိုင်ကယ်ပြင်သင်တန်းကို ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ပါကြောင်း၊ အဆိုပါသင်တန်းဆင်းများထဲမှ လုပ်ငန်းထူထောင်လုပ်ကိုင်လိုသူ (၅)ဦးကို စိစစ်ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ရန်အတွက် ငွေကျပ်(၁၀)သိန်းနှင့် ညီမျှသည့် လုပ်ငန်းသုံး ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ထောက်ပံ့ပေးလိုက်သည့် လုပ်ငန်းသုံး ပစ္စည်းများ၊ သင်ကြားပေးလိုက်သည့် ဆိုင်ကယ်ပြုပြင်နည်း အတတ်ပညာများကို အချေတည်ပြီး မိမိတို့ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ဖွင့်လှစ်သည့် ဆိုင်ကယ်ပြင်ဆိုင်များ ပေါ်ထွက် လာစေချင်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထောက်ပံ့ငွေများပေးရအပ်ရာ ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လက်ခံရယူခဲ့သည်။

အဆိုပါသင်တန်းတွင် ဘော်နင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေဒေသခံသင်တန်းသား (၁၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁)လကြာ စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ကျော်ဝင်း(ပြန်/ဆက်)