ရန်ကုန် ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ“နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားဖွင့်လှစ်ပြီးမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဘိဇာတဆရာတော်ဘုရားထံမှ ငါးပါးသီလခံ ယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်၊ ပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဘိဇာတ ဆရာတော်ဘုရားထံမှ ဝါဆိုသင်္ကန်းလှူဒါန်းရခြင်း အကျိုးတရားတော်ကို နာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)