ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များစွာ ပေါ်ထွက်လာစေရေ းရည်ရွယ်၍ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)တွင် လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၂၉

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များစွာပေါ်ထွက်လာစေရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာ တက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)တို့ ပူးပေါင်း၍  လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာ အောင်ဆန်းလင်း၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာသူဇာအောင်၊  ပါမောက္ခဌာနမှူးများနှင့် ဆရာ/ ဆရာမများ၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် တာဝန်ရှိသူများ၊ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်သည်။

ရှေးဦးစွာနည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၏ မှတ်တမ်းဗီဒီယိုကို ပြသ၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာသူဇာအောင်က အဖွင့်အမှာ စကား ပြောကြားသည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က  လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားရာ လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွက်လာစေရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက်လူငယ်စကားဝိုင်းကိုကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က Moderator အဖြစ် ဆောင်ရွက်ပြီးနည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)မှ ပါမောက္ခဌာနမှူးများဖြစ်ကြသည့် ဒေါက်တာ ခင်စုလှိုင်နှင့် ဒေါက်တာထိန်ဝင်းတို့က ဖြည့်စွက်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ  နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)မှ ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် မချိုလွင်သော် “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်မျိုးသီဟအောင်က “လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနန်းဆုဝေထူးက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေယမင်းကျော်က  “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်နန္ဒာဝင်းသန့်က “လူငယ်နှင့်နည်းပညာ “ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)မှ ကျောင်းသား/သူများက လူငယ်စကားတွင်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့၏အတွေးအမြင်များကို ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသောကျောင်းသား၊ ကျောင်းသူများအား  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဂုဏ်ပြုမှတ်တမ်းတင် လက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ စာရေးဆရာ ကိုရွှေအောင်သင်းက အနာဂတ်ကို ပိုင်စိုးမည့်သူများ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)ကျောင်းစာကြည့်တိုက်အတွက် သုတစာအုပ် ၅၀ အုပ်၊ ရသစာအုပ် ၁၆ အုပ်၊ စုစုပေါင်း ၆၆ အုပ် ကာလတန်ဖိုးအားဖြင့်ငွေကျပ် နှစ်သိန်းကျော်ဖိုးရှိ သုတ/ရသ စာအုပ်များပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် ဟောပြော ဆွေးနွေးပေးခဲ့သည့် စာရေးဆရာ ကိုရွှေအောင်သင်းအား ပါမောက္ခချုပ်ဆရာကြီး  ဒေါက်တာ အောင်ဆန်းလင်းက အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)မှ ပထမနှစ် ကျောင်းသား/ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )