တံတားမြို့ ပြည်သူ့ဆေးရုံ၌ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

တံတား ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဆိုးမှ ကြိုတင်ကာကွယ်ရန်၊ ပိုးလောက်လန်းများ မပေါက်ဖွားစေရေးနှင့် ခြင်မခိုအောင်းစေရန်အတွက် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က အဘိတ်ဆေးခပ်ခြင်း၊ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တံတားမြို့၊ စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ ဒေါ်စုစုခိုင်က ကြီးကြပ်၍ စည်ပင်သာယာရေး ဝန်ထမ်းများ၊ စေတနာလူမှုကူညီရေးအသင်းဝင်များ၊ မြို့စီမံအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ခြင်များခိုအောင်းခြင်း၊ ပေါက်ဖွားခြင်း မရှိစေရေးအတွက် ရေမြောင်းများဆယ်ယူခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း တံတားမြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံထံမှ သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)