တနိုင်း ဇူလိုင် ၂၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်လုံးဆိုင်ရာ (၃၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇေယျာသီရိဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၃၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ ဇေယျာသီရိကျောင်းတိုက် ဆရာတော် ဦးတေဇနိယ ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားတော်မူသော ပရိတ်တရားတော်များ နာယူကြသည်။
ထိုနောက် တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမှ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အစဉ်အလာမပြတ် နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် တနိုင်းခရိုင်အတွင်းနှင့် ရှင်ဗွေယန်မြို့မှ ဘုန်းတော်ကြီးကျောင်း ပေါင်း(၃၇)ကျောင်းနှင့် သီလရှင်ကျောင်း(၂)ကျောင်း စုစုပေါင်း (၃၉) ကျောင်းတို့၌ ဝါဆို ဝါကပ်ကြမည့် သံဃာတော်အားလုံးအား ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်၊ အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သည့် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲဖြစ်ကြောင်း လျှောက်ထားတင်ပြသည်။
ဆက်လက်၍ ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များအား ထီး၊ ဖိနပ်၊ သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဇေယျာသီရိ ဘုန်းတော်ကြီး ကျောင်း ဆရာတော်ထံမှ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)