သထုံမြို့နယ်တွင် မွေးမြူရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းသားများထံ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ချေးပေး

သထုံ ဇူလိုင် ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ မွေးမြူရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းသားများထံ မတည်ထောက်ပံ့ငွေ (လုပ်ငန်းချေးငွေ)များ ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်က လုပ်ငန်းများအဆင်ပြေ‌ပြီး ဒေသ၏မွေးမြူရေးထုတ်ကုန်များ တိုးမြင့်လာရေး ရည်ရွယ်ကာ မတည်ထောက်ပံ့ငွေ(လုပ်ငန်းချေးငွေ)များ ထုတ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လိပ်အင်းရပ်ကွက် မွေးမြူရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသား(၁၈)ဦးတို့အတွက် ငွေကျပ်(၃၀၀)သိန်းနှင့် ဓနုကတိုက်ကျေးရွာ မွေးမြူရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသား(၁၈)ဦး တို့အတွက် ငွေကျပ်(၂၅၀)သိန်းတို့အား နွားစာ၊ ဆေးဝါးနှင့် နွားခြံများပြုပြင်နိုင်ရေးတို့အတွက် လုပ်ငန်းချေးငွေများ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မွေးမြူရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်