ထန်းတပင်(ရန်ကုန်) ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များစုပေါင်း၍ စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သီတလာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သီလာစာရ၊ မြို့နယ်သံဃနာယကအဖွဲ့မှ ဆရာတော်များနှင့် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန့်တော့ခဲ့ကြ၍ အခမ်းအနားကို စတင်ခဲ့ကြကာ မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ စိန္တိတာရာမနိဗ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစိန္တိတထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်မြတ် နာယူခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သီတလာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရနှင့် သံဃာတော်အရှင်သူမြတ်(၈)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထူအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချတရားတော်မြတ်နာယူခဲ့ကြကာ ကောင်းမှူကုသိုလ် အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)